အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးကို ပြောင်းခဲ့တာ မှားယွင်းကြောင်း လူကာကူ ဝန်ခံ
လက်ရှိ နွေရာသီမှာ စီးရီအေ ကလပ် အင်တာမီလန် အသင်းထံ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့သွားတဲ့ ရိုမယ်လူ လူကာကူ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ခြင်းဟာ မှားယွင်းတဲ့ လုပ်ရပ် တစ်ခု ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
လူကာကူဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်း သိသိသာသာ ကျဆင်းနေခဲ့တာကြောင့် တစ်ရာသီ အကြာပဲ အသင်းဟောင်း အင်တာမီလန် ဆီကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့် ဘဝ အတွက် အကြီးမားဆုံး စိန်ခေါ်မှုက အခုလာမယ့်ရာသီဖြစ်မှာပါ။ အင်တာမီလန်ကနေ ထွက်သွားတာ ကျနော်မှားခဲ့တာပေါ့။ ဟုတ်တယ် မဟုတ်လား။” လို့ လူကာကူက ဆိုပါတယ်။ ဆက်လက်ပြီး “အခုတော့ ကျနော် အင်တာမီလန် ဂျာစီကို ဝတ်ဆင်ရတာ ပျော်နေပါပြီ။ ဒီအသင်းက ကျနော်တို့ ဘာလုပ်ဖို့ လိုအပ်လဲဆိုတာကို သိပါတယ်။ ဒီတော့ လာမယ့်ရာသီက ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခု ဖြစ်လာနိုင်ပြီး ကျနော်တို့ ဒီအတိုင်း ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက အင်တာမီလန်ဟာ သူ့အတွက် ဦးစားပေး ဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် ချဲလ်ဆီး ပရိသတ်တွေရဲ့ အမျက်ရှခြင်း ခံခဲ့ရပြီး လက်ကျန် ရာသီဝက်မှာ ပုံမှန် ပွဲထွက်ခွင့်လည်း ပျောက်ဆုံးခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ ဘယ်ဂျီယံ တိုက်စစ်မှူးဟာ သူ ရနေတဲ့ လုပ်ခလစာ ကိုတောင် လျှော့ယူခဲ့ပြီး အင်တာမီလန် အသင်း ဆီ ပြန်လည် ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။
တန်ဂန်ဂါကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အေစီမီလန်
ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ စီးရီးအေ လက်ရှိ ချန်ပီယံ အေစီမီလန်တို့ တော့တင်ဟမ်ဟော့စပါး နောက်ခံလူ ဂျဖတ် တန်ဂန်ဂါကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်လျက်ရှိကြောင်း သိရပါတယ်။
တန်ဂန်ဂါဟာ အီတလီ ချန်ပီယံတို့ မဖြစ်မနေ အင်အား ဖြည့်တင်းလိုတဲ့ ခံစစ် တစ်နေရာ အတွက် အဓိက ပစ်မှတ် ဖြစ်နေခဲ့ပြီး နည်းစနစ် ဒါရိုက်တာ ပေါ်လို မာဒီနီနဲ့ ရစ်ကီ မက်ဆာရာတို့ ကိုယ်တိုင် စပါး အသင်းထံ ဆက်သွယ် စုံစမ်းမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် အင်္ဂလန် နောက်ခံလူ ဂျဖတ် တန်ဂန်ဂါဟာ စပါး ငယ်မွေးခြံပေါက် ဖြစ်ပြီး ကွန်တီ သဘောကျတဲ့ နောက်ခံလူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တန်ဂန်ဂါဟာ စပါး အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ စုစုပေါင်း ၄၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး လက်ရှိ မှာလည်း ဘာစီလိုနာက ကလီးမန့် လန်းဂ်လတ် ထပ်မံ ရောက်ရှိလာတာကြောင့် လာမယ့်ရာသီလည်း အရန်ခုံမှာပဲ ထိုင်ရဖို့ များနေသူ ဖြစ်ပါတယ်။
အေစီမီလန်တို့ ၁၀ နှစ်ကျော်ကြာ ဝေးကွာနေခဲ့တဲ့ စကူဒက်တို ချန်ပီယံဆုကို ပြန်လည် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ပုံစံကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပြီး အဓိက ကတော့ ခံစစ်နဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ မီလန် အခြေစိုက် ကလပ် အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ရိုးမားက ဖလော်ရန်ဇီနဲ့ လစ်ဗာပူးလ်က အိုရီဂီ တို့ကို ခေါ်ယူထားခဲ့ပါတယ်။
အာဆင်နယ် နောက်ခံလူကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်စ်
စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ မားသီးယက်စ် ဒီလစ်ဂျ် ထွက်ခွာဖို့ ရာခိုင်နှုန်း များနေတာကြောင့် အာဆင်နယ် အသင်းရဲ့ နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ်ကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဒီလစ်ဂျ်ဟာ ဘေယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပြီး ဂျာမန် ချန်ပီယံ ဘက်က ဒုတိယအကြိမ် ကမ်းလှမ်းမှု ရလာခဲ့ရင် ဂျူဗင်တပ်စ်တို့ အလေးအနက် စဥ်းစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဂျူဗင်တပ်စ်တို့ ဂန်းနား နောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ပေါင် (၂၅.၃) သန်း အပြင် ပြင်သစ် ကွင်းလယ်လူ ရာဘီယော့တ်ကို အပြီးသတ်၊ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အာသာ မယ်လိုကို အငှားခေါ်ယူခွင့် တို့နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက် ရှိတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။
ဒီကမ်းလှမ်းမှုဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ဘက်က ကစားသမား အတွက် မျှော်လင့်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် (၃၄) သန်း ဆိုတဲ့ ပမာဏနဲ့ ညီမျှလိမ့်မယ်လို့ ဂျူဗင်တပ်စ် ဘက်က တွက်ဆထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ် အတွက် ကွင်းလယ်ပိုင်း အင်အား ဖြည့်တင်းဖို့ဟာ ဒုတိယ ဦးစားပေး ဖြစ်နေသလို ပက်ကေးတားနဲ့ တေးလီမန့်စ် တို့ကို စိတ်ဝင်စားနေတာကြောင့် ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားဖို့တော့ ရာခိုင်နှုန်း နည်းပါတယ်။
ကွင်းလယ်လူ အာသာ မယ်လိုဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်တို့ စိတ်ဝင်စားခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပြီး ဂျူဗင်တပ်စ်ဘက်က ဒီအချက်ကို အဓိက အသုံးချဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ကတော့ သူတို့ရဲ့ အဓိက နောက်ခံလူ ဂါဘရီရယ်ကို ရောင်းချသွားဖို့ ဆန္ဒမရှိကြောင်း အတိအလင်း ထုတ်ပြန်ထားသလို ကစားသမား ကိုယ်တိုင်ကလည်း မြောက်လန်ဒန် ကလပ်မှာပဲ ပျော်ရွှင်နေတယ်လို့ ပြောကြားထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.