အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၃ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီလစ်ဂျ် အတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတဲ့ ဂျူဗီနဲ့ ဘေယန်
ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အသင်း ကတော့ ဂျူဗင်တပ်စ် နောက်ခံလူ မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် နယ်သာလန် နောက်ခံလူဟာ တူရင်မြေကို စွန့်ခွာဖို့ အဆင်သင့် ဖြစ်နေသူ ဖြစ်ပြီး အစောပိုင်းမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့လည်း သတင်းထွက်ခဲ့ပါသေးတယ်။
ဘေယန်မြူးနစ်တို့ ဒီလစ်ဂျ် အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀၊ အပိုဆုကြေး ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် စီးရီးအေ ကလပ် ဘက်ကတော့ အနည်းဆုံး ပေါင်သန်း ၈၀ အလိုရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဒီလစ်ဂျ်ကို ချဲလ်ဆီး ကလည်း စိတ်ဝင်စားခဲ့သေးပေမယ့် ကစားသမား ကိုယ်တိုင်က ဘေယန်မြူးနစ် ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေခဲ့တာကြောင့် ဂျာမန် ကလပ် ဘက်ကလည်း တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ အေဂျက်စ် နောက်ခံလူဟောင်းကို ယူနိုက်တက် နည်းပြသစ် အဲရစ်ခ် တန်ဟက်ခ် ကလည်း စိတ်ဝင်စားခဲ့သေးကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
လက်ရှိမှာ ဒီလစ်ဂျ်ရဲ့ အပြောင်းအရွှေ့ အတွက် ဘေယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ် နှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အိုးလေဒီတို့ အနေနဲ့ ဒီလစ်ဂျ်ကို လက်လွှတ်ခဲ့ရရင်တော့ နာပိုလီ အသင်းခေါင်းဆောင် ကူလီဘာလီကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
အင်တာ နောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းရဖို့ ရှိနေတဲ့ ပီအက်စ်ဂျီ
ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီတို့ စီးရီးအေ ကလပ် အင်တာမီလန် နောက်ခံလူ မီလန် ရှက်ခရီနီယာကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အရယူ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး ပြောင်းရွှေ့ကြေး အနေနဲ့ ပေါင်သန်း ၇၀ အထိ တိုးမြှင့် ကမ်းလှမ်းရဖို့ ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ် အရွယ် ဆလိုဗက်ကီးယား ဗဟိုခံစစ်မှူးဟာ တစ်နှစ် လုပ်ခ ပေါင် ၇ သန်း၊ ၅ နှစ် စာချုပ်နဲ့ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း အီတလီ မီဒီယာတွေမှာ ဖော်ပြလျက် ရှိပါတယ်။ ဒါပေမယ့်လည်း စီးရီးအေ ကလပ် ဘက်က ရှက်ခရီနီယာ အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏကြောင့် ပီအက်စ်ဂျီတို့ လက်တွန့်နေပြီး မကြာခင် အချိန်အတွင်း မှာတော့ အပိုဆုကြေး အပါအဝင် ပေါင်သန်း ၆၀ ထက် များတဲ့ ပမာဏနဲ့ ထပ်မံ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ပီအက်စ်ဂျီရဲ့ ဒီတစ်ကြိမ် ကမ်းလှမ်းမှု ကိုတော့ အင်တာမီလန် ဘက်က လက်ခံ စဉ်းစားသွားဖွယ် ရှိနေပြီး လာမယ့် ရက်ပိုင်း အတွင်း ရှက်ခရီနီယာရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ တိတိကျကျ ထုတ်ပြန် ကြေညာလာဖွယ် ရှိနေပါတယ်။ အင်တာမီလန် အသင်း အနေနဲ့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ဝါရင့် ကွင်းလယ်လူ အာတူရို ဗီဒယ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အဓိက အားထားရတဲ့ ဗဟိုခံစစ်မှူး ရှက်ခရီနီယာ ကိုပါ လက်လွှတ်ရဖွယ် ရှိနေခဲ့တာပါ။
ဒါ့အပြင် မီလန် မြို့ခံကလပ်ဟာ လက်တလောမှာ ဘဏ္ဍာရေး ပြဿနာ တချို့နဲ့ ရင်ဆိုင်နေရတာကြောင့် ရှက်ခရီနီယာ အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ အတိုင်း ပေးချေတဲ့ အသင်း ရှိလာရင်တော့ ကျိန်းသေပေါက် ရောင်းချသွားမယ့် သဘော ရှိနေပါတယ်။
ဂျူဗင်တပ်စ်မှာ ဂန္တဝင် နံပါတ် ဝတ်ပြီး ကစားမယ့် ပေါ့ဘာ
မန်ချက်စတာယူနိုက်တက်ကို ခြေစုံ ကန်ပြီး ဂျူဗင်တပ်စ်ကို တကျော့ပြန် ရောက်ရှိသွားတဲ့ ပေါလ်ပေါ့ဘာ အနေနဲ့ ရာသီသစ်မှာ အိုးလေဒီ တို့ရဲ့ ဂန္တဝင် ဂျာဆီ ဖြစ်တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိလာတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဇွန်လ အကုန် မှာတော့ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် တူရင်မြေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ရောက်ရှိသွားခဲ့သူ ဖြစ်ပါတယ်။
အသင်းဟောင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့တဲ့ ပေါ့ဘာက သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့် ကနေ “တစ်ခါမှ ခွဲမသွားဘူး သလို အခု ပြန်ရောက်လာပြီ” ဆိုတဲ့ စာသားနဲ့ ဂျူဗီ ပရိသတ်တွေကို အသိပေးခဲ့သလို ရာသီသစ်မှာ သူဝတ်ဆင်မယ့် ကျောနံပါတ် အသစ် ကိုလည်း မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ် အထိ ဂျူဗီမှာ ကစားခဲ့ဖူးပြီး ကျောနံပတ် ၆ ကို ၃ ရာသီ ဝတ်ဆင်ခဲ့သလို ယူနိုက်တက်ဆီ ပြောင်းခါနီး နောက်ဆုံး ရာသီ မှာတော့ နံပတ် ၁၀ ကို ပြောင်းလဲ ဝတ်ဆင် ကစားခဲ့ဖူးပါတယ်။
တိုက်စစ်မှူး ပေါ်လို ဒီဘားလားဟာ တူရင် ကလပ်နဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်တာကြောင့် ပေါ့ဘာ အနေနဲ့ ကျောနံပါတ် ၁၀ ကို တန်းပြီး ဝတ်ဆင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေရဲ့ အအောင်မြင်ဆုံး ကလပ် ဂျူဗင်တပ်စ်မှာ ကျောနံပါတ် ၁၀ ဟာ ဘက်ဂီယို၊ ဒယ်လ်ပီယာရို တို့လို ဂန္တဝင်ကစားသမားတွေ ဝတ်ဆင်ခဲ့ကြတဲ့ နံပါတ်လည်း ဖြစ်ပါတယ်။ ဘက်ဂီယိုဟာ ဂျူဗင်တပ်စ် အတွက် ပွဲပေါင်း ၂၀၀ ကစားခဲ့ပြီး ၁၁၅ ဂိုး သွင်းယူခဲ့သလို ယူအီးအက်ဖ်အေဖလား၊ စီးရီးအေ နှင့် ကိုပါအီတာလီယာ ဖလား တို့ကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒယ်လ်ပီယာရို ကတော့ အိုးလေဒီတို့ အတွက် ၇၀၂ ပွဲ ကစားပေးပြီး ၂၈၉ ဂိုး သွင်းယူခဲ့သလို စကူဒက်တို ချန်ပီယံ ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.