ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကိုတော့ ဘောလုံး လောကမှာ အချိန်ကာလ တစ်ခု အထိ မြင်တွေ့ရဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့အနေနဲ့ ဘောလုံးသမား ဘဝ ကနေ အနားယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ ဘောလုံး ကစားခြင်းကို စိတ်အား ထက်သန်နေသမျှတော့ ဆက်ပြီး ကစားနေဦးမယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ ရော်နယ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၄၀ ပြည့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက်သာမက ပေါ်တူဂီ အတွက်ပါ ပွဲထွက် ကစားသမား အဖြစ်နဲ့ ကစားပေးနေသလို ဂိုးတွေလည်း ဆက်တိုက် သွင်းယူနေခဲ့သူ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပိုလန်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ် မှာလည်း ပေါ်တူဂီ အတွက် သွင်းဂိုး ၂ ဂိုး ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ ဂိုး အရေအတွက် ကလည်း ၉၁၀ အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်က သူရဲ့ ကစားသမား ဘဝကို အဆုံးမသတ်ခင်မှာ ဂိုး ၁၀၀၀ ပြည့်အောင် သွင်းယူမယ်လို့ ပြောခဲ့ပေမယ့် လက်ရှိ မှာတော့ ရော်နယ်ဒိုက ဂိုး ၁၀၀၀ ပြည့်ဖို့ထက် ဘောလုံး ကစားတာကို ပျော်ရွှင်နေဖို့သာ အရေးကြီးတယ်လို့ ပြောဆိုလာခဲ့ပါတယ်။
ရော်နယ်ဒိုက “ကျွန်တော် သွင်းဂိုး ၁၀၀၀ စံချိန် ကိုတောင် မစဉ်းစားမိတော့ပါဘူး။ ဘောလုံးသမားတိုင်း ကတော့ စံချိန် မှတ်တမ်းကောင်းတွေကို ဖန်တီးချင်ကြမှာ သေချာပေမယ့် လက်ရှိအချိန် မှာတော့ ကျွန်တော်က ဒီဂိုး စံချိန်ကို အာရုံစိုက်မနေပါဘူး။ ကျွန်တော် ဘောလုံးကစားရတာကို ပျော်ပျော်ရွှင်ရွှင်ပဲ ကစားသွားချင်ပါတယ်။ ဘောလုံးသမားဘဝ ကနေ အနားယူဖို အစီအစဉ် ဆွဲထားပါတယ်။ ဒါက တစ်နှစ် အတွင်း မှာပဲ ဖြစ်လာမလား နှစ်နှစ် အတွင်း မှာပဲ ဖြစ်လာမလား ဆိုတာ ကတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်က မကြာခင်မှာပဲ အသက် ၄၀ ပြည့်တော့မှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုက“ဘောလုံး ကစားနေရတာကို ကျွန်တော် တကယ် ပျော်ရွှင်နေချင်ပါတယ်။ ဘောလုံး ကစားရတာကို ပျော်ရွှင်နေမယ် စိတ်အားထက်သန်နေတယ်လို့ ခံစားနေရတယ် ဆိုရင် ကျွန်တော် ဆက်ပြီး ကစားနေဦးမှာပါ။ အဲ့ဒီလိုတွေမှ မခံစားရတော့ဘူး ဆိုရင်တော့ ကျွန်တော် အနားယူသွားမှာပါ။”လို့ ရော်နယ်ဒိုက ရှင်းရှင်းလင်းလင်းပဲ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ အသက်အရွယ် အရ ခြေစွမ်းအကျပိုင်းကို ရောက်နေပေမယ့်လည်း သွင်းဂိုးတွေတော့ ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုပိုင်း ဆိုင်ရာမှာပါ အကောင်းဆုံး အနေအထားမှာ အမြဲတမ်း ရှိနေအောင် ကြိုးစားနေခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့လည်း ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ဆင်နွဲဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ နဲ့လည်း ဆုဖလား အောင်မြင်မှုတွေ ရယူသွားဖို့ ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.