ဘန်လေ ၀ – ၄ လိဒ်စ်ယူနိုက်တက်
မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)ရဲ့ အစောဆုံးပွဲ တစ်ပွဲမှာတော့ လိဒ်စ်ယူနိုက်တက်တို့ တက်ဖ်မောမှာ ၄ ဂိုးပြတ် ရလဒ်နဲ့ ဘန်လေကို အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်မှာ ဘန်လေတို့ရဲ့ ခံစစ်ကစားပုံ တော်တော်လေးကို ဆိုးရွားခဲ့လို့ တိုက်စစ် ထက်မြတ်တဲ့ လိဒ်စ်ယူနိုက်တက် စိတ်ကြိုက် ဖြစ်သွားခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာလည်း မာဆယ်လိုဘီရာဆာရဲ့ အသင်းက အသုံးပြုနေကျ ၄-၁-၄-၁ ကစားကွက်နဲ့အတူ ဂိုးမှာ မစ်လီယာ၊ ခံစစ်မှာ အယ်လီယော့စကီး၊ စရူအစ်ဂ်၊ ယော်ယန်းတေး၊ လုခ်အေးလင်း၊ ကွင်းလယ်မှာ ကယ်ဗင်ဖီးလစ်၊ ကလစ်ချ်၊ ဒါးလက်စ်၊ တောင်ပံနှစ်ဖက်မှာ ရာဖင်ညာနဲ့ ဂျက်ဟာရစ်ဆင်၊ အထောင်တိုက်စစ် နေရာမှာတော့ ဘမ်းဖို့ဒ်နဲ့ ပွဲထွက်လာပါတယ်။ ဘန်လေ ကတော့ အရင်ပွဲတွေက လူစာရင်းအတိုင်း အပြောင်းအလဲ သိပ်မလုပ်ပဲ ၄-၄-၂ ကစားကွက်ကို အခြေခံပြီး ခရစ္စဝုဒ်၊ ဗစ်ဒရာ၊ ဘရောင်းဟေးလ်၊ မက်နေးလ်၊ တာကိုစကီး၊ ဘန်မီး တို့လို အဓိကကစားသမားတွေ အစုံအလင် ပါဝင်ခဲ့ပါတယ်။ ရှေ့ပွဲမှာတုန်းက တော့တင်ဟမ်ဟော့စပါးကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ ဒီနေ့ပွဲမှာလည်း ပွဲစကတည်းက အချိတ်အဆက်မိမိနဲ့ ဘန်လေ ဘက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေ ခံစစ်ရဲ့ တားဆီးမှုတွေနဲ့ ဘမ်းဖို့ဒ်ရဲ့ အခွင့်အရေး ဖြန်းတီးမှုတွေကြောင့် လိဒ်စ်တို့ ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာတော့ ရာဖင်ညာ ထိုးပေးလိုက်တဲ့ ဘောလုံးကို ကွင်းလယ်လူ ကလစ်ချ်က ဘီးကုပ်စက်ဝိုင်း ထိပ်ကနေ မထင်မှတ်ပဲ ကန်သွင်းသွားခဲ့လို့ ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာ တိုက်စစ်က ဂိုးပေါက်ပျောက်နေတဲ့ ဘမ်းဖို့ဒ် ကို ရိုဒရီဂိုနဲ့ လူစားလဲလှယ်ခဲ့ပြီး နည်းပြ မာဆယ်လို ဘီရယ်ဆာရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုရပါမယ်။ ရိုဒရီဂို ဝင်လာပြီး ၂ မိနစ်အကြာမှာ လိဒ်စ်တို့ ဒုတိယဂိုး ထပ်ရသွားပြီး အယ်လီယော့စကီးရဲ့ ကန်ချက်ကနေ ဂျက်ဟာရစ်ဆင် လမ်းကြောင်းပြောင်း သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခံနေရတဲ့ ဘန်လေ တို့ လူစားလဲလှယ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အက်ရှ်လေဘန်းစ်၊ ဂျေးရိုဒရီဂက်ဇ်၊ ဂတ်မန်ဆန်တို့ ဝင်လာခဲ့ပါတယ်။ ဂတ်မန်ဆန်ရဲ့ ထိုးဖောက်မှု တစ်ချို့ ထိရောက်ခဲ့ပေမယ့် ဂိုးသမား မစ်လီယာရဲ့ အကောင်းဆုံး ကာကွယ်မှုတွေကြောင့် အိမ်ရှင်တို့ ချေပဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ လိဒ်စ်ယူနိုက်တက် ကလည်း ကစားအားကို လုံးဝမချခဲ့ပဲ ဂိုးတွေထပ်ရဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ၇၇ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ဂျက်ဟာရစ်ဆင်ရဲ့ တိကျတဲ့ ပေးပို့မှုတွေကနေ ရိုဒရီဂိုကပဲ ဘန်လေ နောက်ခံလူတွေကို ဖောက်ထွက်ပြီး ၂ ဂိုးဆက် သွင်းယူခဲ့လို့ ပွဲအပြီးမှာ လိဒ်စ်ယူနိုက်တက်တို့ ၀-၄ ရလဒ်နဲ့ အနိုင် ၃ မှတ်ယူပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီနေ့ပွဲမှာ လိဒ်စ်ယူနိုက်တက်တို့ ကစားပုံက အားရစရာ ကောင်းလွန်းခဲ့သလို ဘန်လေ ခံစစ်ကလည်း အရင်လို ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့တာကြောင့် ဂိုးပြတ်ရှုံးခဲ့ရတာဆိုရင်လည်း မမှားပါဘူး။ လိဒ်စ်ယူနိုက်တက် အတွက် ကတော့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ ပွဲဦးထွက်ရာသီမှာတင် ၄ ဂိုးနဲ့ အထက် ဂိုးသွင်းနိုင်တဲ့ပွဲ ၄ ပွဲအထိ ရှိခဲ့ပြီး ဖူလ်ဟမ်ကို ၄-၃၊ နယူးကာဆယ်ကို ၅-၂၊ ဝက်စ်ဘရွန်းကို ၀-၅၊ အခုနောက်ဆုံးပွဲ မှာတော့ ဘန်လေ ကို ၀-၄ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတစ်ရပ်ကို ပုံမှန်သာ ထိန်းထားနိုင်မယ် ဆိုရင် မာဆယ်လို ဘီရယ်ဆာရဲ့ လိဒ်စ်တို့ လာမယ့်ရာသီ ပရီးမီးယားလိဂ် မှာ ထိပ်ဆုံး ၇ သင်း စာရင်းဝင်နိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဘန်လေ ကတော့ အခုပွဲမှာ ရှုံးနိ်မ့်ခဲ့ပေမယ့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းရမယ့် အသင်းတွေကလည်း သေချာသွားခဲ့တဲ့ နောက်မှာ လက်ကျန် ၂ ပွဲကို အကောင်းဆုံး ကစားဖို့ပြီး ပရီးမီးယားလိဂ် ရာသီသိမ်းနိုင်ဖို့ပဲ လိုအပ်ပါတော့တယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.