ဘယ်ဂျီယံ ၁ – ၂ အီတလီ
(လူကာကူ ၄၅+၂’ (ပင်နယ်တီ)) (ဘာရယ်လာ ၃၁’၊ အင်ဆစ်ဂ်ညီ ၄၄’)
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ် ဒုတိယပွဲစဉ် မှာတော့ အီတလီက ဘယ်ဂျီယံကို အခက်အခဲမရှိ ကစားပြီး ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အဇူရီတို့ နိုင်ငံတကာ ပြိုင်ပွဲစုံမှာ ၃၂ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ခြေစစ်ပွဲစဉ်တွေ အပါအဝင် ၁၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့တဲ့ အီတလီတို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး နိုင်ပွဲဆက်တဲ့ အသင်း အဖြစ် စံချိန်သစ်လည်း ထပ်ပြီး တင်နိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံ ကတော့ ရှုံးပွဲမရှိ စံချိန်ကောင်းတစ်ခု ရပ်တန့်သွားခဲ့ရပြီး ယူရို ၂၀၁၆ ကလိုပဲ ၂ နှစ် ဆက်တိုက် ကွာတားဖိုင်နယ် အဆင့်ကနေပဲ လှည့်ပြန်သွားခဲ့ရပါတယ်။
နည်းပြ မန်ချီနီ အနေနဲ့ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ပဲ ဘယ်ဂျီယံကို ရင်ဆိုင်စေခဲ့ပြီး အကာဘီနေရာမှာ ချီလီနီ၊ ဘာရက်ဒီ နေရာမှာ ရှံးထွက်အဆင့်မှာ ခြေစွမ်းပြခဲ့တဲ့ တောင်ပံက ကစားသမား ခီယေဇာကို ပထမလူစာရင်းမှာ ထည့်သွင်းကစားခဲ့ပါတယ်။ မာတီနက်ဇ် ကတော့ အီဒင်ဟာဇက် ဒဏ်ရာကြောင့် အနားယူနေရလို့ ရန်းစ် လူငယ်ကြယ်ပွင့် ဒိုခုကို ပွဲထွက်စေခဲ့တာက လွဲရင် ပြီးခဲ့တဲ့ ပေါ်တူဂီနဲ့ ရှုံးထွက်ပွဲစဉ်က လူစာရင်းတွေအတိုင်းပဲ ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဘယ်ဂျီယံတို့ အခွင့်အရေးတချို့ ရရှိခဲ့ပေမယ့် တိုက်စစ်က လူကာကူရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေ အပြင် အီဒင်ဟာဇက် မပါလို့ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့တာကြောင့် ပြိုင်ဘက်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပံက ဒိုခု တစ်ဦးတည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ဘယ်ဂျီယံတို့ ရရှိခဲ့တဲ့ တစ်လုံးတည်းသော ချေပဂိုးဟာလည်း အဲ့ဒီ ၁၉ အရွယ် တောင်ပံ ကစားသမားလေးကြောင့်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
အီတလီ ကတော့ ဒီနေ့ပွဲမှာ အရင်ပွဲတွေနဲ့ မတူတဲ့ ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပြီး ပွဲစကတည်းက လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ် မှာထဲက လီယိုနာဒို ဘိုနူချီ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ အလွတ်တည်ကန်ဘော ကနေ အင်ဆစ်ဂ်ညီ ကန်တင်ပေးလိုက်တဲ့ ဘောလုံးဟာ လူကျွံနေတဲ့ နောက်ခံလူ ဒီလော်ရန်ဇိုနဲ့ ထိသွားခဲ့တာကြောင့် ပြန်လည် ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကစားအား ကောင်းနေတဲ့ အီတလီရဲ့ တိုက်စစ်ကို ဘယ်ဂျီယံ ကွင်းလယ်နဲ့ တိုက်စစ်က ဘယ်လိုမှ မထိန်းနိုင်ခဲ့လို့ ပွဲချိန် ၃၁ မိနစ် မှာတော့ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပါတယ်။ မာကို ဗာရက်တီ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဘယ်ဂျီယံ နောက်ခံလူတွေ ကြားကနေ နီကိုလို ဘာရယ်လာက လိမ်ခေါက်ပြီး အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပထမပိုင်း ပွဲပြီးခါနီးမှာ တိုက်စစ်က လော်ရန်ဇို အင်ဆစ်ဂ်ညီက ကွင်းလယ်ကနေ တောက်လျောက် ဆွဲပြေးပြီး ၁၈ ကိုက်စည်း ထိပ်ကနေ လှလှပပ ဝေ့ဝိုက် ကန်သွင်းသွားပေးခဲ့လို့ အီတလီတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ နာကျင် အချိန်ပိုမှာ ဘယ်ဂျီယံတို့ ချေပဂိုး ၁ ဂိုး ပြန်ရသွားပြီး ဒိုခုကြောင့်ရတဲ့ ပင်နယ်တီကို လူကာကူက အမှားအယွင်း ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း အီတလီတို့ပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ပြီး နှစ်သင်းလုံး ဂိုးထပ်မရတော့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ စိတ်မကောင်းစရာက ဒီနေ့ပွဲမှာ အီတလီရဲ့ တိုက်စစ် လမ်းကြောင်း အတွက် အရေးပါတဲ့ ဘယ်နောက်ခံလူ လီယိုနာဒို စပင်နာဇိုလာ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။ အီတလီတို့ ထိုက်ထိုက်တန်နဲ့ ဆီမီးဖိုင်နယ် တက်သွားခဲ့ပေမယ့် ဘယ်ဂျီယံ ကတော့ ပြီးခဲ့တဲ့ ပွဲတွေကတည်းက အားရစရာ ခြေစွမ်းမရှိလို့ ယူရို ၂၀၂၀ ရဲ့ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ လှည့်ပြန်ရတာ ဝမ်းနည်းစရာတော့ မဟုတ်ခဲ့ပါဘူး။
ကြယ်ပွင့် ကစားသမား – လော်ရန်ဇို အင်ဆစ်ဂ်ညီ
(စာရေးသူ စိတ်ကြိုက်ကစားသမား – ဒွန်နာရူးမား)
ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ အီတလီ အတွက် ဂိုးသွင်းယူပေးခဲ့တဲ့ လော်ရန်ဇို အင်ဆစ်ဂ်ညီက ရရှိသွားခဲ့ပါတယ်။ အင်ဆစ်ဂ်ညီ အနေနဲ့ ဒီနေ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ထူးခြားကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု၊ နည်းစနစ် ကျွမ်းကျင်ပိုင်နိုင်မှုတွေကြောင့် အီတလီတို့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ကတော့ ဒီနေ့ပွဲမှာ အင်ဆစ်ဂ်ညီ အပြင် ကွင်းလယ်က ဗာရက်တီနဲ့ ဂိုးသမား ဒွန်နာရူးမား တို့ရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေး သဘောကျမိပါတယ်။ ပြောရရင်တော့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးချင်ပြီး နည်းပြ မန်ချီနီရဲ့ အသင်းကို အခုလောက်ထိ ကစားအား ရှိနေလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ လာမယ့်ပွဲဟာ အီတလီ အတွက် ခက်ခဲဖို့ သေချာနေပေမယ့်လည်း ဒီနေ့ပွဲလို ခြေစွမ်းမျိုးနဲ့သာ ဆိုရင် အဇူရီသားတို့ ဘယ်လို ပြိုင်ဘက်ကို မဆို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ပွဲစဉ်ရဲ့ အဓိကအချက်အလက်များ
• အီတလီတို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြာရှည်ဆုံး နိုင်ပွဲရရှိတဲ့ အသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ခြေစစ်ပွဲအဆင့် အပါအဝင် လက်ရှိအချိန်ထိ ၁၅ ပွဲဆက်တိုက် အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲ အပြီးမှာ ရှုံးနိမ့်ခဲ့တဲ့ ဘယ်ဂျီယံ ကတော့ ၁၄ ပွဲ ဆက်တိုက် နိုင်ပွဲဆက်တဲ့ စံချိန် ရပ်တန့်သွားခဲ့ပါတယ်။ ဘယ်ဂျီယံ လိုပဲ ဂျာမနီ အသင်းဟာလည်း ၂၀၁၀ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိ ၁၄ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့ဖူးပါတယ်။
• ဘာရယ်လာ အနေနဲ့ အီတလီ လက်ရွေးစင် အသင်း အတွက် ၂၇ ပွဲ ကစားပြီးချိန်မှာ ၆ ဂိုးမြောက် သွင်းယူနိုင်ခဲ့တဲ့ ဂိုး ဖြစ်ပါတယ်။ ထူးခြားချက်က သူဂိုးသွင်းနိုင်ခဲ့တဲ့ ၆ ပွဲစလုံး အီတလီတို့ အနိုင်ရခဲ့ပါတယ်။
• အီတလီတို့ လက်ရှိ ယူရို ၂၀၂၀ မှာ သွင်းဂိုး ၁၁ ဂိုးအထိ ရှိထားပြီး ဂိုးအများဆုံး သွင်းထားတဲ့ စပိန်ရဲ့ နောက်မှာ ၁ ဂိုးအကွာနဲ့ ရပ်တည်နေပါတယ်။ ဒါဟာ အီတလီ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ၁၀ ဂိုးနဲ့ ၁၀ ဂိုး အထက် သွင်းယူနိုင်ခဲ့တဲ့ ယူရို ပြိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။
• လူကာကူရဲ့ ယူရိုပြိုင်ပွဲ သွင်းဂိုး အရေအတွက်ဟာ ၆ ဂိုးအထိ ရှိလာခဲ့ပြီး ဘယ်ဂျီယံ ဘောလုံး သမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲမှာ ဘယ်ကစားသမား ကမှ ၂ ဂိုးထက် ပိုပြီး သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။
• အဓိက နိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့် တွေ့ဆုံမှု ၅ ကြိမ်မှာ အီတလီတို့ ဘယ်ဂျီယံကို ၄ ပွဲနိုင်၊ ၁ ပွဲ သရေ ကစားနိုင်ခဲ့ပါတယ်။
• အီတလီ အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲစုံ ၃၅ ပွဲမှာ တစ်ပွဲကို အများဆုံး ပေးဂိုး ၁ ဂိုးသာ ရှိခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
ယူရို ၂၀၂၀ ဆီမီးဖိုင်နယ် အဆင့်မှာတော့ အီတလီနဲ့ စပိန်တို့ ထိပ်တိုက်တွေ့ဆုံနေပြီး ဇူလိုင်လ ၆ ရက်နေ့ လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.