ဘေယန်မြူးနစ် ၇-၁ ဆဲလ်ဘတ်
ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ဘေယန်မြူးနစ်တို့ ရက်ဘူးလ် ဆဲလ်ဘတ်ကို အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ ၇-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ ဆဲလ်ဘတ်တို့ ပထမအကျော့ ဩစတြီးယားမြေမှာ ဘေယန်မြူးနစ်ကို ခက်ခဲစေခဲ့ပေမယ့် ဂျာမန်မြေ မှာတော့ ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်း မရှိခဲ့လို့ ခြေပြတ် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဘေယန်မြူးနစ်တို့ ၃-၄-၂-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရောဘတ်လီဝမ်ဒေါစကီး တစ်ဦးတည်းကို အထောင်ထားကာ ဆာနေး၊ မူလာတို့ကို ရံကစားစေခဲ့ပါတယ်။ တောင်ပံ နှစ်ဖက် မှာတော့ ဂနာဘရီနဲ့ ကိုမန်၊ ကွင်းလယ်မှာ ကင်မစ်ချ်၊ မူဆီယာလာ၊ ခံစစ်မှာ ဟာနန်ဒက်ဇ်၊ ဇူလာ၊ ပါဗက်တို့ ပွဲထွက်ခဲ့ပြီး ဂိုးမှာတော့ ဒဏ်ရာက သက်သာလာတဲ့ နော်အာပဲ ပြန်လည် ပါဝင်လာခဲ့ပါတယ်။ ဆဲလ်ဘတ် ကတော့ ကြိုတင် ခန့်မှန်းထားတဲ့ လူစာရင်း၊ ကစားကွက်နဲ့ ပွဲထွက်လာပြီး အဒါမူ၊ အဒီယီမီ၊ အာရွန်ဆန်၊ ကာမာရာ၊ ဝိုဘာ တို့လို အဓိက ကစားသမားတွေ အားလုံး ပါဝင်ခဲ့ပါတယ်။
ပွဲအစပိုင်းမှာ အပြန်အလှန် ရှိခဲ့ပြီး အပိုင်အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြပါဘူး။ ပွဲချိန် ၁၀ မိနစ် နောက်ပိုင်း ဘေယန်မြူးနစ်တို့ ကစားကွက် တည်ငြိမ်လာခဲ့လို့ ပြိုင်ဘက် နောက်တန်းကို အချိတ်အဆက်မိမိ ထိုးဖောက်နိုင်ခဲ့ပြီး ဆဲလ်ဘတ် ကတော့ တန်ပြန် တိုက်စစ်တောင် မကစားနိုင်ပဲ နောက်တန်း မှာသာ အသေအလဲ ခက်ခက်ခဲခဲ ခုခံနေခဲ့ရပါတယ်။ ဘက်ပေါင်းစုံ ကနေ ပုံစံမျိုးစုံနဲ့ ထိုးဖောက်နေခဲ့တဲ့ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ကို တားဆီးတဲ့ နေရာမှာ တဖြည်းဖြည်း အမှားများလာခဲ့ပြီး ဦးဆောင်ဂိုးတွေ စတင် ခွင့်ပြုရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ပွဲချိန် ၁၂ မိနစ်နဲ့ ၂၁ မိနစ်မှာ ဘေယန်မြူးနစ်တို့ ပင်နယ်တီ ၂ ကြိမ် ဆက်တိုက် ရရှိခဲ့ပြီး လီဝမ်ဒေါစကီးက ၂ ကြိမ်စလုံးကို အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ကစားကွက် တောက်လျောက် မိသွားတဲ့ ဘေယန်မြူးနစ်ကို ဆဲလ်ဘတ်တို့ ဘယ်လိုမှ တားဆီးနိုင်ခြင်း မရှိတော့ပဲ ၂၃ မိနစ်မှာ တတိယ ဂိုး ထပ်ပေးခဲ့ရပါတယ်။ ဒီဂိုး ကိုလည်း လီဝမ်ဒေါစကီးက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၃၁ မိနစ်မှာ ကိုမန်ရဲ့ ပေးပို့မှုက တစ်ဆင့် ဆာနေးက စတုတ္ထဂိုး သွင်းဂိုးခဲ့တာကြောင့် ဘေယန်မြူးနစ် တို့ ပထမပိုင်း အပြီးမှာ ၄-၀ နဲ့ အနိုင်ရနေခဲ့ပါတယ်။
ဒုတိယပိုင်း မှာလည်း ဘေယန်မြူးနစ်တို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုးနိုင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်နဲ့ ၈၃ မိနစ် တို့မှာ သောမက်စ် မူလာက ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဆဲလ်ဘတ် အတွက် တစ်လုံးတည်းသော ချေပဂိုးကို မိနစ် ၇၀ မှာ လူးစားဝင် ကွင်းလယ် ကစားသမား ရှားဂတ်က သွင်းယူပေးခဲ့ပေမယ့် ၈၆ မိနစ် မှာတော့ ဆာနေးက ပွဲသိမ်းဂိုး ထပ်မံသွားယူခဲ့တာကြောင့် ၇-၁ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပထမအကျော့ ဆဲလ်ဘတ်ကွင်းမှာ ရုန်းကန်ခဲ့ရသမျှ ဂျာမန်မြေ မှာတော့ ဘေယန်တို့ အကောင်းဆုံး ခြေစွမ်းနဲ့ ဂိုးပြတ် နိုင်ပွဲယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၁၁ ကြိမ်မှာ ၁၀ ကြိမ်အထိ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်တို့ ဩစတြီးယား ကလပ် တွေနဲ့ အိမ်ကွင်းမှာ တွေ့ဆုံချိန်တိုင်း ရာနှုန်းပြည့် အနိုင်ရခဲ့တဲ့ စံချိန်ကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပွဲကစားချိန် ၂၃ မိနစ် အတွင်း ၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီး အနေနဲ့ လည်း ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်း တစ်လျှောက် အမြန်ဆုံး ဟက်ထရစ်ရတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ခြေစွမ်းပိုင်း အရတော့ ထွေထွေထူးထူး သုံးသပ်စရာ မရှိခဲ့ပဲ အဆင့် တစ်ဆင့် ကွာခြားတဲ့ အသင်း နှစ်သင်း ကစားတဲ့ ပွဲဖြစ်လို့ ဒီလောက် အထိ ဂိုးပြတ်သွားတယ်ပဲ ဆိုရပါလိမ့်မယ်။ အဓိက ကတော့ ပြိုင်ဘက်ရဲ့ လုပ်အားနှုန်း ကောင်းတဲ့ တောင်ပံတွေ၊ တိုက်စစ်တွဲလုံးတွေကို စောစောစီးစီး မဖြတ်တောက်ထားနိုင်ပဲ ဂိုးဧရိယာထဲ ရောက်မှ ပိတ်ဆိုး တားဆီးစေခဲ့တဲ့ ဆဲလ်ဘတ် နည်းပြရဲ့ ဗျူဟာ မှားယွင်းခဲ့တာလည်း ပါပါတယ်။ ဒါကြောင့် ဩစတြီးယန်း ထိပ်သီး ဆဲလ်ဘတ် တို့ ချန်ပီယံလိဂ်ကို လက်လျှော့ခဲ့ရပြီး ပြည်တွင်း အမှတ်ပေးပြိုင်ပွဲမှာ ၉ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ပဲ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.