အခုတစ်ခါ မှာတော့ ဇူလိုင် ၂၂ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ်ကို စျေးလျှော့ပေးဖို့ ငြင်းဆန်လိုက်တဲ့ ပီအက်စ်ဂျီ
စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ် ကွင်းလယ်လူ လီအန်ဒရို ဒန်နီရယ် ပါရီဒက်စ် အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ပေးသွားမှာ မဟုတ်ကြောင်း ပီအက်စ်ဂျီ ဘက်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါတယ်။ အခု နွေရာသီမှာ အသင်းကို ဗစ်တင်ဟာ ရောက်ရှိလာတာကြောင့် ပါရီဒက်စ်ရဲ့ ပဲရစ် ကလပ်နဲ့ အနာဂတ်က တဖြည်းဖြည်း ဝေဝါးလာခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနား ကွင်းလယ် ကစားသမား ကိုတော့ ဂျူဗင်တပ်စ်က ကာလရှည် ပစ်မှတ်ထားနေခဲ့ပြီး သူတို့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို တိုးတက်အောင် စွမ်းဆောင်ပေးနိုင်မယ့်သူ သတ်မှတ်ခံထားရပါတယ်။ တကယ်တမ်း ပီအက်စ်ဂျီ ဘက် ကသာ ရောင်းချမယ် ဆိုရင် ကစားသမားဘက် ကလည်း ဂျူဗင်တပ်စ်ကို ငြင်းဆန်သွားဖို့ မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် ပါရီဒက်စ် အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ကို ဂျူဗင်တပ်စ် ဘက်က ပေးချေလိုခြင်း မရှိသလို တစ်ဘက်က ပီအက်စ်ဂျီ ကလည်း စျေးလျှော့ပေးဖို့ တင်းခံနေတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ပါရီဒက်စ် ဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ခိုင်မာမှုတော့ မရှိပါဘူး။
ရိုးမားကို ပြောင်းရွှေ့ဖို့ မော်ရင်ဟိုက အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့ကြောင်း ဒီဘားလား ဖွင့်ဟ
ရောမမြို့ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချိန်မှာ နည်းပြ မော်ရင်ဟိုရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးပါခဲ့တယ်လို့ ရိုးမား အသင်းရဲ့ တိုက်စစ်မှူးသစ် ပေါ်လို ဒီဘားလားက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်စ်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒီဘားလားကို အင်တာမီလန်၊ နာပိုလီနဲ့ ရိုးမား တို့လို့ စီးရီးအေ ထိပ်သီး ၃ သင်း ကပဲ အပြိုင် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အင်တာမီလန်ကို ရောက်ဖို့ တော်တော်လေး နီးစပ်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ အာဂျင်တီးနား ကြယ်ပွင့်ကို ရောမ ကလပ်က ၃ နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘားလားဟာ မော်ရင်ဟို ကိုယ်တိုင် ဖုန်းဆက် စည်းရုံးခဲ့ပြီး နာရီပိုင်း အကြာမှာပဲ ရိုးမားကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ဒီဘားလားက “ရိုးမားရဲ့ လျင်မြန်တဲ့ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်တွေက သူတို့ ကျနော့်ကို ဘယ်လောက်တောင် အလိုရှိခဲ့သလဲ ဆိုတာ သိသာစေပြီး တခြား အသင်းတွေနဲ့ ကွဲပြားခြားနားခဲ့ပါတယ်။ အနာဂတ် အတွက် ခိုင်မာတဲ့ အခြေခံ အုတ်မြစ် ရှိတဲ့ ထိပ်တန်း အသင်း တစ်သင်းကို ကျနော် ရောက်လာတာပါ။ နောက်ပြီး မော်ရင်ဟိုလို နည်းပြမျိုးနဲ့ အလုပ် တွဲလုပ်ရတာက ကျနော့် အတွက် ဂုဏ်ယူရမယ့် ကိစ္စ တစ်ခုပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဒီဘားလားဟာ ရိုးမား ဂန္တဝင် တိုက်စစ်မှူးကြီး တော့တီရဲ့ ကျောနံပါတ် ၁၀ ကို ငြင်းပြီး ကျောနံပါတ် ၂၁ ကိုသာ ရွေးချယ်ခဲ့ပါတယ်။ အဓိက ကတော့ တော့တီဟာ ရိုးမား အတွက် အရမ်းကို အရေးပါခဲ့သူ ဖြစ်တာကြောင့် လေးစားသမှု ရှိတဲ့ အနေနဲ့ ကျောနံပါတ် ၁၀ ကို မရွေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒီဘားလားက သူ့အနေနဲ့ လက်ရှိမှာ ကျောနံပါတ် ၂၁ ကိုပဲ ကျေနပ် ပျော်ရွှင်စွာ ဝတ်ဆင်သွားမှာ ဖြစ်ပြီး တစ်နေ့ မှာတော့ နံပါတ် ၁၀ ကို ဝတ်ဆင်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ သက်တမ်းတိုးလိုက်ပေမယ့် ဂျူဗင်တပ်စ်ကို စောင့်ဆိုင်းနေတဲ့ မိုရာတာ
အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အဲလ်ဗားရိုး မိုရာတာဟာ အသင်းနဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ်သစ် ချုပ်လိုက်ပေမယ့် ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေဆဲလို့ သတင်းတွေ ထွက်နေခဲ့ပြန်ပါတယ်။ မိုရာတာဟာ အစောပိုင်းမှာ သူ့ရဲ့ သမီး ဖြစ်သူ မက်ဒရစ်မှာ ကျောင်းတက်ဖို့ ရှိနေတဲ့ အပြင် ဆီမြွန်နီ အားထားရတဲ့ ကစားသမား ဖြစ်လာဖို့ ကြိုးစားပြချင်နေတာကြောင့် လာလီဂါမှာပဲ ဆက်ကစားချင်ကြောင်း ထုတ်ဖော် ပြောဆိုထားသူ ဖြစ်ပါတယ်။
စပိန် လက်ရွေးစင် တိုက်စစ်မှူးဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ ၂ ရာသီကြာ အငှားနဲ့ လာကစားခဲ့ပြီး အက်သလက်တီကိုထံ ပြန်သွားခဲ့တာပါ။ ဒီကစားသမားကို အပြီးသတ် ခေါ်ယူဖို့ ဂျူဗင်တပ်စ် နည်းပြ အယ်လီဂရီက ဆန္ဒရှိနေပေမယ့် အက်သလက်တီကို တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေးကို ဂျူဗင်တပ်စ် ဘက်က ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မိုရာတာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၇) ကို ဗလာဟိုဗစ် အတွက် ပေးအပ်လိုက်ပြီး ဖြစ်တာကြောင့် စပိန် တိုက်စစ်မှူး အနေနဲ့ တူရင်ကို ပြန်ဖို့ ဖြစ်နိုင်ချေ နည်းသွားပြီလို့တောင် ပြောလို့ ရပါတယ်။
လက်ရှိမှာ ဂျူဗင်တပ်စ် ဘက်က မိုရာတာကို ခေါ်ယူဖို့ စိတ်မဝင်စားတော့ကြောင်း သတင်းတွေက ဖော်ပြနေခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဂျူဗင်တပ်စ် ကသာ ပြန်လည် ခေါ်ယူမယ် ဆိုရင် သေချာပေါက် တူရင်ကို ပြန်သွားမယ်လို့လည်း ပြောဆိုထားပြန်တယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.