အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရိုးမားရဲ့ ကမ်းလှမ်းမှုကို အသေအချာ စဥ်းစားနေတဲ့ ဒီဘားလား
ဂျူဗင်တပ်စ်နဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်လို ဒီဘားလား ကတော့ နောက်ထပ် စီးရီးအေ အသင်း တစ်သင်း ဖြစ်တဲ့ ရိုးမားရဲ့ ကမ်းလှမ်းမှုကို အချိန်ယူ လက်ခံ စဥ်းစားနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် အာဂျင်တီးနား ကွင်းလယ် တိုက်စစ် ကြယ်ပွင့်ဟာ တူရင် အခြေစိုက် ကလပ်မှာ ၇ နှစ်ကြာ ကစားခဲ့ပြီးနောက် စာချုပ် သက်တမ်း ထပ်မတိုးခဲ့သလို လက်ရှိ အချိန်အထိလည်း ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။
သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ စပါး တို့က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမား ဘက်က တစ်ပတ် လုပ်ခ ပေါင် ၃ သိန်းခွဲ အထိ တောင်းဆိုခဲ့တာကြောင့် အဆင်မပြေ ဖြစ်ခဲ့တယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ဒီဘားလား အနေနဲ့ သူမျှော်လင့်နေတဲ့ လုပ်ခလစာ ပမာဏကို လျှော့ချလိုက်တာကြောင့် ရိုးမားတို့ မျှော်လင့်ချက် ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရောမ ကလပ်ဟာ အာဂျင်တီးနား လက်ရွေးစင်ကို တစ်နှစ် လုပ်ခ ယူရို ၆ သန်း အပြင် အပိုဆုကြေးတွေ ပါဝင်တဲ့ ၄ နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
ဒီဘားလားကို ခေါ်ယူဖို့ အင်တာမီလန်နဲ့ နာပိုလီ ကလည်း စိတ်ဝင်စားနေပေမယ့် ရိုးမားတို့ ပိုပြီး အခြေအနေ ကောင်းနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ရိုးမားရဲ့ ကမ်းလှမ်းမှုကို ဒီဘားလား ဘက်က လက်တလော အသေအချာ စဉ်းစားပေးနေပြီး လာမယ့် အင်္ဂါနေ့ မှာတော့ တိကျတဲ့ အဖြေ တစ်ခု ပေးသွားမယ်လို့လည်း သိရပါတယ်။
တိုရီနို နောက်ခံလူကို အရှိန်အဟုန်မြှင့် ကြိုးပမ်းသွားမယ့် အင်တာမီလန်
စီးရီးအေ ထိပ်သီး အင်တာမီလန်တို့ ခံစစ်ပိုင်း အားနည်းချက်ကို ပြင်ဆင်ဖို့ အတွက် တိုရီနိုက ဂလိုင်ဆင် ဘရီမာကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြလျက် ရှိပါတယ်။
အသက် ၂၅ နှစ် အရွယ် ဘရားဇီးလ် ဗဟိုခံစစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေရဲ့ အကောင်းဆုံး နောက်ခံလူ စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေခဲ့တဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘရီမာကို ခေါ်ယူချင်တဲ့ အသင်းတွေ ထုနဲ့ထေး ရှိနေပေမယ့် အင်တာမီလန်တို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း အပြောင်းအရွှေ့ ဂုရု ဒီမာဇီယိုက ဖော်ပြထားပါတယ်။ ဒါပေမယ့် မီလန် အခြေစိုက် ကလပ် အနေနဲ့ လက်ရှိ အချိန်ထိ ဘရီမာကို အပြီးသတ် ခေါ်ယူဖို့ ဆွေးနွေးမှု တစ်စုံတစ်ရာမှ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။
လာမယ့် တစ်ပတ် အတွင်း အင်တာတို့ ဘရာဇီး နောက်ခံလူရဲ့ အပြောင်းအရွှေ့ အတွက် တိုရီနို ဥက္ကဌနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိပြီး အဆင်ပြေရင် တစ်ခါတည်း အပြီးသတ် ညှိနှိုင်းမှုတွေပါ ပြုလုပ်ဖို့ ရည်ရွယ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတယ်။ အင်တာမီလန်တို့ ဘရီမာ အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို ၃၄ သန်း ပေးချေရဖွယ် ရှိနေပြီး ဂျူဗင်တပ်စ် ကလည်း ဘရီမာနဲ့ အင်တာမီလန်ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အင်တာမီလန် လိုပဲ ခံစစ်ပိုင်း အားနည်းနေတဲ့ ဂျူဗင်တပ်စ်တို့ ဝါရင့် နောက်ခံလူ ခီလီနီ ထွက်ခွာသွားပြီးနောက် ဒီလစ်ဂျ် ကလည်း ဘေယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ တာဆူနေတာကြောင့် အိုးလေဒီတို့ နောက်ထပ် ခံစစ်မှူး တစ်ဦး မဖြစ်မနေ ရှာဖွေနေရတာ ဖြစ်ပါတယ်။
မိုရာတာကို ပြန်ခေါ်ပေးဖို့ တောင်းဆိုထားတဲ့ အယ်လီဂရီ
ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီ ကတော့ အငှားစာချုပ် ပြည့်လို့ အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြန်သွားတဲ့ အဲလ်ဗားရိုး မိုရာတာကို ပြန်လည် ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ မိုရာတာဟာ တူရင် အခြေစိုက် စီးရီးအေ ကလပ်မှာ နှစ်ကြိမ်တိုင်တိုင် အငှားနဲ့ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အငှားစာချုပ် ပြည့်ချိန်မှာ ဂျူဗီတို့ မိုရာတာကို ယူရို ၃၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိခဲ့ပေမယ့် အဲ့ဒီ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေလိုခြင်း မရှိခဲ့တာကြောင့် မိုရာတာ တစ်ယောက် မက်ဒရစ် ကိုပဲ ပြန်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ မက်စ် အယ်လီဂရီ ကတော့ အသင်းရဲ့ တိုက်စစ်မှာ ဗလာဟိုဗစ် ရှိနေသည့် တိုင်အောင် စပိန် တိုက်စစ်မှူးရဲ့ လုပ်အားနှုန်းကို သဘောကျတာကြောင့် ပြန်လည် ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာ အက်သလက်တီကို မက်ဒရစ် အသင်း ကလည်း ကစားသမားသစ် ခေါ်ယူဖို့ ဆိုရင် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်နိုင်ဖို့ လိုအပ်နေပါတယ်။ ကလပ် နှစ်ခု အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေခဲ့ရင်တော့ မိုရာတာ အနေနဲ့ အီတလီမြေကို ပြန်လည် ရောက်ရှိလာနိုင်ပေမယ့် ကံယာကံရှင် ကိုယ်တိုင် ကတော့ လာလီဂါမှာပဲ ကစားချင်ကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။ နောက်ပြီး ဂျူဗင်တပ်စ် ဘက်က ဘယ်လိုပဲ ကြိုးစားလာပါစေ ကစားသမား ကတော့ တူရင်ကို လုံးဝကို ပြန်လိုခြင်း မရှိဘူးလို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.