အခုတစ်ခါ မှာတော့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ညာနောက်ခံလူ နေရာ အတွက် အာနိုးလ်ကို စိန်ခေါ်ဖို့ အသင့်ပဲလို့ ဆိုလိုက်တဲ့ ကယ်ဗင် ရမ်ဆေး
ညာနောက်ခံလူ နေရာ အတွက် ထရန့် အလက်ဇန္တား အာနိုးလ်ကို စိန်ခေါ်ဖို့ အသင့်ဖြစ်နေပြီလို့ လစ်ဗာပူးလ် ကစားသမားသစ် ကယ်ဗင် ရမ်ဆေးက ပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ် အရွယ် စကော့တလန် ကြယ်ပွင့် ကယ်ဗင် ရမ်ဆေးဟာ လက်ရှိ ညာနောက်ခံလူ အလက်ဇန္တား အာနိုးလ်ကို ဖိအားပေးနိုင်ဖို့နဲ့ ဒဏ်ရာရသွားချိန်မှာ အရန်သင့်သုံးနိုင်ဖို့ အဘားဒင်း ကနေ ကလော့ပ် စိတ်ကြိုက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
ရမ်ဆေးက “အာနိုးလ်ဟာ ထူးခြားသလို ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီလုံး သူဘယ်လို ပုံစံ ကစားတယ် ဆိုတာ လေ့လာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နဲ့လည်း ကစားပုံချင်း ဆင်ပြီး တိုက်စစ် အားသန်တာချင်းလည်း တူပါတယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး အသက်ငယ်ငယ်လေးပဲ ရှိပါသေးတယ်။”လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း အာနိုးလ်ဟာ ဘယ်သူနဲ့မှ မတူတဲ့ ကစားသမား ဖြစ်ပြီး သူ့ အနေနဲ့ အများကြီး သင်ယူရဦးမှာ ဖြစ်ကြောင်း၊ ဒါဟာ သူ့ အတွက် ခက်ခဲနိုင်ပေမယ့် ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဝင်နိုင်ဖို့ တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ရမ်ဆေးက ပြောကြားသွားခဲ့ပါတယ်။
ရမ်ဆေးဟာ အဘားဒင်း အသင်းမှာ အချိန်တိုတွင်း အောင်မြင်လာခဲ့တဲ့ လူငယ်ကြယ်ပွင့် တစ်ဦး ဖြစ်ပြီး ညာနောက်ခံလူ အဖြစ် သာမက ညာတောင်ပံ တစ်လျှောက် တိုက်စစ် အထိ လိုက်ပါ ကစားနိုင်သူ ဖြစ်ပါတယ်။ ကယ်ဗင် ရမ်ဆေးကို ဥရောပထိပ်သီး အသင်း အများစုက ပစ်မှတ်ထား စောင့်ကြည့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တန်ဟက်ဂ် လက်အောက်မှာ စိတ်ကြိုက်နေရာ ကစားခွင့်ရဖို့ မျှော်လင့်နေတဲ့ ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် အနေနဲ့ နည်းပြသစ် တန်ဟက်ဂ် လက်အောက်မှာ သူ့ရဲ့ စိတ်ကြိုက်ဖြစ်တဲ့ ဘယ်တောင်ပံ တိုက်စစ် နေရာမှာ ကစားခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်္ဂလန် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ဘယ်၊ ညာ တောင်ပံ နှစ်ဖက် အပြင် အထောင် တိုက်စစ်မှူး အဖြစ်ပါ နေရာစုံမှာ ကစားခဲ့ရဖြစ်ပါတယ်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကတော့ ရက်ရှ်ဖို့ဒ် အတွက် အဆိုးရွားဆုံး ဘောလုံးရာသီ ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အတူ ခြေစွမ်း ပျောက်ဆုံးနေခဲ့တာပါ။ ဒါ့အပြင် ပုခုံး ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ပုံမှန် ပွဲထွက်ခွင့်လည်း ပျောက်ဆုံးနေခဲ့တဲ့ ရက်ရှ်ဖို့ဒ် အနေနဲ့ နည်းပြသစ် တန်ဟက်ဂ် လက်အောက်မှာတော့ အရင် ခြေစွမ်းပြန်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ် မှာတော့ ခရစ္စတီယာနို ရော်နယ်ဒို၊ အီလန်ဂါ၊ ဂျေဒန် ဆန်ချို အပြင် ဆီဗီလာ ကနေ အငှားစာချုပ်သက်တမ်းပြည့်လို့ ပြန်လာတဲ့ အန်တိုနီ မာရှယ်လည်း ရှိနေတာကြောင့် ရက်ရှ်ဖို့ အနေနဲ့ ပွဲထွက်ခွင့်ရဖို့ သေချာပေါက် တိုက်ပွဲဝင်သွားရဖွယ် ရှိနေပါတယ်။
တန်ဟက်ဂ် အနေနဲ့ လက်ရှိအချိန်ထိ ဘယ်ကစားသမားတွေကို အသုံးပြုမယ် ဆိုတာ မသိရသေးပဲ လာမယ့် ခြေစမ်းပွဲ ကာလ ရောက်မှပဲ ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းကို မြင်တွေ့ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်တို့ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှ လေ့ကျင့်ရေး အစီအစဉ် ပြန်လည် စတင်ဖို့ ရှိပြီး ထိုင်း၊ ဩစတြေးလျနဲ့ နော်ဝေ ကလပ်တွေနဲ့ ခြေစမ်းပွဲတွေ ကစားသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်တို့ ဩဂုတ်လ ၇ ရက်နေ့မှာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ဘရိုက်တန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရာဖင်ညာနဲ့ အကြိုသဘောတူညီမှု ရပြီးမှ ငွေမနိုင်လို့ လက်လွှတ်ရဖွယ် ရှိနေတဲ့ ဘာဆာ
ဘာစီလိုနာ အသင်း ကတော့ ဘဏ္ဏာရေး အခက်အခဲတွေကြောင့် လိဒ်စ်ယူနိုက်တက် တောင်ပံ တိုက်စစ်မှူး ရာဖင်ညာကို ခေါ်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။ လိဒ်စ်ယူနိုက်တက် အသင်းက အနည်းဆုံး ယူရို ၅၅ သန်း အလိုရှိနေတဲ့ ရာဖင်ညာကို အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့လို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ဥရောပထိပ်သီး အများစုရဲ့ ပစ်မှတ်ထား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
ကစားသမား ကိုယ်တိုင်က အသင်းပြောင်းချင်ကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ပြီး ၅ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ဘာစီလိုနာတို့ အေးဂျင့် ဖြစ်သူ ဒေကိုနဲ့လည်း အကြို သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး သတင်းတွေ အရ ရာဖင်ညာ အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကြောင့် ဘာစီလိုနာတို့ ခေါ်ယူဖို့ ခက်ခဲနေခဲ့ပြီး အခန့်မသင့်ရင် လက်လျှော့လိုက်ရဖွယ် ရှိနေပါတယ်။
နည်းပြ ဇာဗီ အနေနဲ့ ဘာစီလိုနာတို့ ရာသီသစ်မှာ အောင်မြင်မှု ပြန်လည်ရရှိဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ကစားသမားတွေ အများကြီးကို ပစ်မှတ်ထားနေပေမယ့်လည်း လက်ရှိ အချိန်ထိ အသစ် ခေါ်ဖို့ထက် ရှိပြီးသား အဓိက ကစားသမားတွေ ကိုတောင် ထွက်မသွားဖို့ မနည်း စည်းရုံးနေရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.