ဂျူဗင်တပ်စ် ၁ – ၀ မယ်လ်မို
ချန်ပီယံလိဂ် အုပ်စု (H)ရဲ့ ပွဲစဉ် ၆ မှာတော့ ဂျူဗင်တပ်စ်တို့ လူငယ်တိုက်စစ်မှူး မွိုက်စ်ကင်းန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မယ်လ်မိုကို အနိုင်ရပြီး အုပ်စု ပထမနေရာ ကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ပွဲကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်တို့ ချဲလ်ဆီးရဲ့ ခြေချော်မှုကို အခွင့်ကောင်း ယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဂျူဗင်တပ်စ် အနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ပြီးသား ဖြစ်ပေမယ့် အုပ်စု ပထမနေရာ ရရှိရေး အားစိုက်လာခဲ့ပြီး မယ်လ်မို ကတော့ ဂုဏ်သိက္ခာအရ အဝေးကွင်းမှာ အတတ်နိုင်ဆုံး မရှုံးစေဖို့ပဲ ရည်ရွယ်ပြီး ကစားသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မက်စ် အယ်လီဂရီရဲ့ အသင်းက အဓိက ကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး အရန်တွေနဲ့ ပွဲထွက်လာခဲ့ပေမယ့် ဇင်းနစ် ကတော့ အမာခံ ကစားသမားတွေနဲ့ပဲ တူရင်မြေမှာ လာရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လောက်ပဲ အရန်ကစားသမားတွေနဲ့ ကစားပါစေ အသင်းကြီးနဲ့ အသင်းငယ် ကွာဟချက် ဆိုတာ ရှိလို့ ပွဲက တစ်ဖက်သတ် ဆန်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ မျှော်လင့်ထားသလောက် သွင်းဂိုးတွေ မရခဲ့ဘူး ဆိုပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု ၁၆ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ကလည်း ၇ ကြိမ် အထိ ရှိခဲ့ပါတယ်။ မယ်လ်မို ကတော့ တစ်ပွဲလုံးမှာမှ ဂျူဗင်တပ်စ် ဂိုးပေါက်ကို ၆ ကြိမ်သာ ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုပေါက်တည့်မှု ကလည်း ၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ပွဲကစားချိန် ၁၈ မိနစ် မှာထဲက အိမ်ရှင်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ညာတောင်ပံက ဘာနက်ဒက်စကီ ဖြတ်တင်ပေးတဲ့ ဘောလုံးကို မွိုက်စ် ကင်းန်က ပြေးဝင်ပြီး ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ မွိုက်စ် ကင်းန် အပိုင်အခွင့်အရေး တွေကို ထပ်ပြီး အသုံးမချနိုင်ခဲ့တာ အပြင် မယ်လ်မို ဂိုးသမား အစ္စမေးလ် ဒီရာဝါရာရဲ့ ကာကွယ်မှုတွေကြောင့် ဂျူဗင်တပ်စ်တို့ သွင်းဂိုးတွေ ထပ်မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မွိုက်စ်ကင်းန်ရဲ့ သွင်းဂိုး ၁ ဂိုးဟာ အိမ်ရှင် အသင်း အနိုင်ရဖို့ လုံလောက်ခဲ့ပြီး တစ်ဖက်က ချဲလ်ဆီးရဲ့ သရေပွဲကြောင့် ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ် အဖြစ်နဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီပွဲမှာ ဂျူဗင်တပ်စ်တို့ Final Third ကစားပုံ ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း မှာတော့ လိုအပ်ချက်တွေ များစွာ ရှိခဲ့တာ တွေ့ရပါတယ်။ ဘာနက်ဒက်စကီ၊ ရာဘီယော့တ်၊ ဘန်တန်ကာ၊ အာသာ၊ ဒီဘာလား တို့ရဲ့ ကွင်းလယ် အစုအဖွဲ့က ပြိုင်ဘက်ကို ပွဲချိန်ပြည့် လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် တိုက်စစ်ရဲ့ အဆုံးသတ် အားနည်းချက်ကြောင့် ဂိုးပြတ် နိုင်ပွဲ တစ်ပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီး ဂျူဗင်တပ်စ်တို့ အုပ်စု ပထမနေရာနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တယ် ဆိုတာလည်း တစ်ဖက်က ချဲလ်ဆီးရဲ့ ခြေချော်မှုကြောင့် ကံကောင်းသွားခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။
ဂျူဗီတို့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခဲ့တဲ့ သက်တမ်း တစ်လျှောက် ၆ ကြိမ်မြောက် အဖြစ် အုပ်စု ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ခြေစွမ်းပိုင်းအရတော့ အထင်ကြီးစရာ လုံးဝ မရှိခဲ့ပါဘူး။ ဒီလို ပုံစံနဲ့သာ ဆိုရင်တော့ ဂျူဗီတို့ ရှုံးထွက်အဆင့် ကနေ လှည့်ပြန်ရဖို့ ရာခိုင်နှုန်း များနေတယ် လို့တောင် ကြိုတင် ဟောကိန်း ထုတ်ထားချင်ပါတယ်။ ဒါပေမယ့် အယ်လီဂရီရဲ့ အသင်းက ၂၁ ရာစု အတွင်း ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ် အားလုံး အနိုင်ရထားတဲ့ အသင်း အဖြစ် မှတ်တမ်းကောင်း တစ်ခု ထပ်မံ ပိုင်ဆိုင်သွားခဲ့ပြီး မွိုက်စ်ကင်းန် (၂၁နှစ် ၂၃၈ရက်) ကလည်း ဒယ်ပီယာရို ပြီးရင် ဂျူဗင်တပ်စ်ရဲ့ ဒုတိယမြောက် အသက် အငယ်ဆုံး ဂိုးသွင်းရှင် အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ မယ်လ်မို ကတော့ ချန်ပီယံလိဂ် အဝေးကွင်း ၉ ပွဲ ကစားခဲ့ရာမှာ ၉ ပွဲလုံး ရှုံးပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဝေးကွင်း ရာနှုန်းပြည့် ရှုံးထားတဲ့ တစ်သင်း တည်းသော အသင်း အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
ဂျူဗင်တပ်စ်တို့ လာမယ့် စနေနေ့မှာ ဗီနီဇီယာနဲ့ စီးရီအေ ပွဲစဉ် ဆက်လက် ယှဉ်ပြိုင် ကစားဖို့ ရှိပြီး မယ်လ်မို ကတော့ ဆွီဒင် အမှတ်ပေး ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ထားခဲ့လို့ နောက်ထပ် ကစားရမယ့် ပွဲစဉ် မရှိသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.